သတင်းများ

မှုခင်းကျဆင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Post Image Post Image

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၏ မှုခင်းကျဆင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၉-၃-၂၀၂၄ ရက်နေ့ နံနက် (၉)နာရီအချိန်က မကွေးတိုင်းဒေသကြီးတရား လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က ကြန့်ကြာမှုခင်းများအမြန်ပြီးပြတ်စေရေး၊ မြန်မာ့စီးပွားရေးဘဏ်မှတရားစွဲဆိုခဲ့သောအမှုများ အခြားပုဂ္ဂလိကဘဏ်များမှ စွဲဆိုထားသော အမှုများ အမြန်ပြီးပြတ်စေရေးနှင့် တရားသူကြီးများအနေဖြင့် တရားသူကြီးကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်ကြံနေထိုင်သွားကြရန်လိုအပ်ကြောင်း ပြောကြားပါသည်။

တရားလွှတ်တော်တရားသူကြီးများဖြစ် သည့် ဒေါ်သင်းသင်းချိုနှင့် ဒေါ်ခင်နှင်းထွဋ်တို့မှ မှုခင်းကျဆင်းရေးနှင့်ပတ်သက်၍အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး  တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်တရားသူကြီးများက မိမိတို့ခရိုင်အတွင်းရှိ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို အသီးသီးတင်ပြခဲ့ကြပြီး မကွေးတိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်တရားရုံးနှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ မင်းဘူးခရိုင်တရားရုံး နှင့် မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားသူကြီးများ/ တရားရေးအရာရှိ(၃၂)ဦး တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့်မြို့နယ်တရားရုံးတို့မှ တရားသူကြီး(၄၄)ဦး မှာ Online စနစ်ဖြင့်လည်းကောင်း၊ စုစုပေါင်း (၇၆)ဦးတက်ရောက်ခဲ့ကြပါသည်။