မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်သည် မကွေးဗဟိုအကျဉ်းထောင်အား ၂၀-၁၂-၂၀၂၃ ရက်နေ့ နံနက် (၉:၃၀)အချိန်ခန့်တွင် သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာ အကျဉ်းသူ၊ အကျဉ်းသားများအား ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားညှင်းပမ်းနှိပ်စက်မှုများ ရှိမရှိ၊ သောက်သုံးရေးသန့်ရှင်းစင်ကြယ်မှု ရှိ မရှိနှင့် အစားအသောက်အာဟာရ သင့်တင့် မျှတကောင်းမွန်စွာ ကျွေးမွေးမှု ရှိ မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု သန့်ရှင်းမှု ရှိ မရှိ၊ အဆောင် များလေဝင်လေထွက် ကောင်းမွန်မှု ရှိမရှိ၊ အမျိုးသမီး အကျဉ်းသူ အချုပ်သားများအား အကာအရံ လုံခြုံစွာဖြင့် အမျိုးသမီးအဖော်များဖြင့် စောင့်ရှောက်မှု ရှိ မရှိတို့ကို စစ်ဆေးကြည့်ရှုခဲ့ပါသည်။
တရားသူကြီးချုပ်မှမကွေးဗဟိုအကျဉ်းထောင်အား စစ်ဆေးကြည့်ရှုခဲ့ရာတွင် တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဦးခင်မောင်မြင့်၊ ခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီးများနှင့်အတူ စစ်ဆေးကြည့်ရှုခဲ့ပြီး ဗဟိုအကျဉ်းထောင်အတွင်း၌ အပြစ်ကျအကျဉ်းသား ကျား(၁၆၂၅)ဦး၊ မ (၂၁၁)ဦး၊စုစုပေါင်း (၁၈၃၆)ဦး ရှိပြီး တရားရုံးစစ်ဆေးဆဲ အချုပ်သား ကျား(၈၁)ဦး၊ မ(၁၈)ဦး၊ စုစုပေါင်း (၉၉)ဦး တွေ့ရှိခဲ့ပါသည်။