သတင်းများ

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် နိုင်ငံတော်သမ္မတမိန့်ခွန်းနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Post Image Post Image

     ပြည်ထောင်စုလွှတ်တော်ကတိသစ္စာပြုပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတပြောကြားသည့် မိန့်ခွန်းနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား လမ်းညွှန်အမှာ စကားပြောကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင် ၃-၅-၂၀၂၆ ရက်နေ့ နံနက်(၉: ၀၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။

        ဦးစွာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီးပြောကြားသည့် မိန့်ခွန်းနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများအား လမ်းညွှန်အမှာစကားပြောကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်၏ မူဝါဒများအား အလေးထားလိုက်နာကာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ လမ်းညွှန်မှာကြားချက်များ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီရင်ဆုံးဖြတ်ရန်၊ တရားဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အဂတိတရားကင်းရှင်းကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

        ထို့နောက် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာအေးက ထပ်ဆင့်ရှင်းလင်းမှာကြားပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

             အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိများသည် Inperson တက်ရောက်ခဲ့ကြပြီး ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိများသည် Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။