သတင်းများ

မကွေးဗဟိုအကျဉ်းထောင်နှင့် မကွေးမြို့မရဲစခန်းအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ခင်နှင်းထွဋ်သည် မကွေးဗဟိုအကျဉ်းထောင်အား ၁၉-၉-၂၀၂၅ ရက်နေ့တွင် သွားရောက်စစ်ဆေးကြည့်ရှုခဲ့ရာ အကျဉ်းသူ၊ အကျဉ်းသားများအား ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားညှင်းပမ်းနှိပ်စက်မှုများ ရှိမရှိ၊ သောက်သုံးရေသန့်ရှင်းစင်ကြယ်မှု ရှိ မရှိနှင့် အစားအသောက်အာဟာရ သင့်တင့်မျှတကောင်းမွန်စွာ ကျွေးမွေးမှု ရှိ မရှိ၊ နေရာထိုင်ခင်းသက်သာချောင်ချိမှု သန့်ရှင်းမှု ရှိ မရှိ၊ အဆောင်များလေဝင်လေထွက် ကောင်းမွန်မှု ရှိမရှိ၊ အမျိုးသမီး အကျဉ်းသူ အချုပ်သားများအား အကာအရံ လုံခြုံစွာဖြင့် အမျိုးသမီးဝန်ထမ်းများဖြင့် စောင့်ရှောက်မှု ရှိ မရှိတို့ကို စစ်ဆေးကြည့်ရှုခဲ့ပါသည်။

တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်နှင်းထွဋ်မှ မကွေးဗဟိုအကျဉ်းထောင်အား စစ်ဆေးကြည့်ရှုခဲ့ရာတွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်မာလာ၊ခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီးများနှင့်အတူ စစ်ဆေးကြည့်ရှုခဲ့ပြီး  ဗဟိုအကျဉ်းထောင်အတွင်း၌ အပြစ်ကျ အကျဉ်းသား ကျား(၂၅၂၄)ဦး၊ မ(၃၅၀) ဦး၊ စုစုပေါင်း (၂၈၇၄)ဦး ရှိပြီး တရားရုံးစစ်ဆေးဆဲ အချုပ်သား ကျား(၇၁)ဦး၊ မ(၁၀)ဦး၊ စုစုပေါင်း (၈၁)ဦး တွေ့ရှိခဲ့ပါသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး  ဒေါ်ခင်နှင်းထွဋ်နှင့်အဖွဲ့သည်   မကွေးမြို့မရဲစခန်းအချုပ်ခန်းသို့သွားရောက်ကြည့်ရှုစစ်‌ဆေးခဲ့ပြီး လိုအပ်ချက်များအား မှာကြားခဲ့ပါသည်။