မကွေးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၏ မှုခင်း ကျဆင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၆-၆-၂၀၂၄ ရက်နေ့ နံနက် (၉)နာရီအချိန်က မကွေးတိုင်း ဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က ကြန့်ကြာမှုခင်းများအမြန်ပြီးပြတ်စေရေး၊ ၂၀၂၄ ခုနှစ်၊ ပထမ(၆)လပတ်အစီရင်ခံစာများပြုစုဆောင်ရွက် လျက်ရှိရာ တရားရုံးအသီးသီးတွင် စွဲဆိုထားသော အမှုများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စာရင်းဖွင့် လက်ကျန်အမှုစာရင်းများထက် လျော့နည်းကျဆင်းစေရေးတွန်းအားပေးဆောင်ရွက်ရန်၊ တရားမမှုများ များပြားနေ၍ ပြီးပြတ်ရေးဆောင်ရွက်သွားရန်၊ မြန်မာ့စီးပွားရေးဘဏ်မှတရားစွဲဆိုခဲ့သောအမှုများ အခြား ပုဂ္ဂလိကဘဏ်များမှ စွဲဆိုထားသောအမှုများ အမြန်ပြီးပြတ်စေရေးဆောင်ရွက်ရန်၊ တရားစီရင်ရေးဆိုင်ရာ အခက်အခဲများရှိပါက အစည်းအဝေးတွင် တင်ပြရန်၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ ဥပဒေနှင့်အညီ အမှုများအား မှန်မှန်နှင့်မြန်မြန်စစ်ဆေးဆောင်ရွက်ရန်၊တရားသူကြီးများအနေဖြင့် တရားသူကြီးကျင့်ဝတ် နှင့်အညီ လိုက်နာကျင့်ကြံ နေထိုင်သွားကြရန်လိုအပ်ကြောင်း ပြောကြားပါသည်။


တရားလွှတ်တော်တရားသူကြီးများဖြစ် သည့် ဒေါ်သင်းသင်းချိုနှင့် ဒေါ်ခင်နှင်းထွဋ်တို့မှ မှုခင်းကျဆင်း ရေးနှင့်ပတ်သက်၍အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့် က စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရား သူကြီးများကတရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို အသီးသီးတင်ပြခဲ့ကြပြီး မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်တရားရုံး၊ မကွေးမြို့နယ်တရားရုံး၊ မင်းဘူးခရိုင်တရားရုံး၊ မင်းဘူးမြို့နယ်တရားရုံး၊ ပွင့်ဖြူမြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့် တရားရေးအရာရှိ (၃၃)ဦး တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့်မြို့နယ်တရားရုံးတို့မှ တရားသူကြီး(၄၂)ဦး မှာ Online စနစ်ဖြင့်လည်းကောင်း၊ စုစုပေါင်း (၇၅)ဦးတက်ရောက်ခဲ့ကြပါသည်။