
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကို ၇-၅-၂၀၂၄ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ သဲအင်းဂူလမ်းရှိ အဆောက်အဦသစ်နေရာ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ဥပဒေချုပ်၊ မကွေးတိုင်း ဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊မကွေးခရိုင်၊မင်းဘူးခရိုင်၊ သရက်ခရိုင်နှင့် အောင်လံခရိုင်အတွင်းရှိ တရားရေး အရာရှိများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အောင်လံမြို့နယ်တရားရုံးအဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အထူးဧည့်သည်တော်များသည် ကမ္ပည်းမော်ကွန်းအား အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
အခမ်းအနား ဒုတိယပိုင်းကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး နန်းထိုက်ဝင်းဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်သူမှ အဆောက်အဦနှင့်ပတ်သက်သည့်စာရွက်စာတမ်းများကို တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်ထံသို့ လွှဲပြောင်းပေးအပ်ခြင်း၊ တရားရုံးသစ်ဖွင့်လှစ်သည့် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများကို ပြုလုပ်ခဲ့ကြပြီး အောင်လံမြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဦးစည်သူကျော်က ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

